ကလေးငယ်များအနေနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လုံလောက်တဲ့အာဟာရများ နေ့စဉ်မှန်မှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးဖို့ လိုအပ်ပြီး မုန့်ပဲသရေစာများ စားသုံးမှုကို တတ်နိုင်သမျှရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။ ဒါမှ ခန္ဓာကိုယ်က ကြီးထွားဖွံ့ဖြိုးလာမှာပဲဖြစ်ပါတယ်။
သင့် ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အမှန်တကယ် အလေးအနက်ထား ဂရုစိုက်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အစားအစာများကို စားသုံးခိုင်းလိုက်ပါ။
ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စတဲ့ ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဦးနှောက်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ DHA ဓာတ်များ ပါဝင်ပါတယ်။
ဘယ်ရီသီးများ
စတော်ဘယ်ရီသီးမများနဲ့ ဘလူးဘယ်ရီသီးများက သင့်ကလေးအတွက် အသင့်တော်ဆုံး စူပါအစားအစာပဲဖြစ်ပါတယ်။ ထိုအသီးထဲမှာ ဗီတာမင်နဲ့ Antioxidants များ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ သူ့ချည်းပဲ စားသုံးလို့လည်း ရသလို သကြားအနည်းငယ် ဖြူးပြီးလည်း စားသုံးနိုင်ပါတယ်။
တူနာငါး
ငါးဆိုတဲ့ အတွက်ကြောင့် ကလေးငယ်တွေ သိပ်စားချင်မှာတော့မဟုတ်ပါဘူး။ မစားချင်ဘူးဆိုပြီး မကျွေးဘဲ မနေလိုက်ပါနဲ့။ နည်းနည်းချင်းစီ ချော့ကျွေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တူနာငါးမှာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်များ လုံလုံလောက်လောက် ပါဝင်လို့ပဲဖြစ်ပါတယ်။
နို့ထွက်ပစ္စည်းများ
နွားနို့က ပရိုတင်းနဲ့ ကယ်လ်စီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ သင့် ကလေး အသက် (၂) နှစ်မှ စတင်ပြီး နွားနို့ တိုက်ကျွေးမယ်ဆိုရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းစွာအထောက်အပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်ဖို့ကိုလည်း ကူညီပေးပါသေးတယ်။
ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ ကလေးများ ကျန်းကျန်းမာမာကြီးထွားနိုင်ဖို့အတွက် အထောက်အကူပြုတဲ့ ကောင်းသော ဘက်တီးရီးယားများ ပါဝင်ပါတယ်။
ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးဝလံများ
ကလေးငယ်လေးတွေ မုန့်ပဲ သရေစာ တောင်းစားတဲ့အခါ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေအစား သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို ကလေးများအကြိုက် မြင်လိုက်တာနဲ့ စားချင်စရာကောင်းအောင် လုပ်ကျွေးလိုက်ပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များက ကိုယ်ခံအားကို တိုးမြှင့်စေတဲ့အပြင် အမြင်အာရုံကောင်းမွန်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥ စားသုံးတဲ့ကလေးလေးတွေက ထိခိုက်ဒဏ်ရာနဲ့ အနာတရ တစ်ခုခုဖြစ်တဲ့အခါ အနာကျက်မြန်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကန်စွန်းဥမှာ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိပိုင်ဆိုင်ထားလို့ပါပဲ။
သရက်သီး
ဒီအချိန်က သရက်သီး လှိုင်လှိုင်ပေါတဲ့ရာသီဖြစ်တာကြောင့် ကလေးငယ်များကို သရက်သီး ကျွေးဖြစ်အောင် ကျွေးလိုက်ပါ။ သရက်သီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့အပြင် ကလေးငယ်များ ကိုယ်ခံစွမ်းအားကျပြီး မကြာခဏ နေမကောင်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွားနဲ့ သွားဖုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါသေးတယ်။
Source: stylecraze.com







