စာဖတ်သူက လက်ဖက်ရည် မကြာခဏသောက်သုံးလေ့ရှိတဲ့ လက်ဖက်ရည်ချစ်သူလား။ ဒါဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လက်ဖက်ရည်ချစ်သူတွေလည်း သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုအရ ဘယ်လိုလက်ဖက်ရည်မျိုးကို သောက်သုံးကြလဲဆိုတာကို စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။
နိုင်ငံပေါင်း ၁၄ နိုင်ငံရဲ့မတူညီတဲ့ယဉ်ကျေးမှုတွေကြောင့် ကွဲပြားသွားတဲ့ လက်ဖက်ရည်သောက်သုံးပုံလေးတွေကို လေ့လာကြည့်လိုက်ရအောင်။
ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံမှာတော့ Green Tea က အသောက်အများဆုံး လက်ဖက်ရည်ပဲဖြစ်ပါတယ်။ ဒုတိယအသောက်အများဆုံး လက်ဖက်ရည်ကတော့ Matcha လက်ဖက်ရည်ပါ။ သူ့ကိုတော့ Green Tea နဲ့ ပြုလုပ်ထားပြီး အစိမ်းရင့်ရောင်ရှိတဲ့ လက်ဖက်ရည်အမျိုးအစားပါ။
အိန္ဒိယနိုင်ငံ
ပုံထဲက လက်ဖက်ရည်ကတော့ Darjeeling လို့ အမည်ရတဲ့ လက်ဖက်ရည်တစ်မျိုးပါ။ ဒီလက်ဖက်အမျိုးအစားကိုတော့ ဟိမဝန္တာတောင်တန်းနှင့် အိန္ဒိယကုန်းမြင့်ဒေသတွေမှာ စိုက်ပျိုးလေ့ရှိပါတယ်။
ဗြိတိန်နိုင်ငံ
ဗြိတိသျှလူမျိုးတွေကတော့ လက်ဖက်ရည်သောက်တဲ့အခါ ခရင်မ်အရောင်ရှိတဲ့ လက်ဖက်ရည်ကို သောက်သုံးရတာ နှစ်သက်တဲ့အတွက်ကြောင့် နွားနို့များများ ထည့်သောက်လေ့ရှိကြပါတယ်။
တူရကီနိုင်ငံ
တူရကီလူမျိုးတွေကတော့ ဖန်ခွက်သေးသေးလေးထဲမှာ သကြားအနည်းငယ် ထည့်သောက်လေ့ရှိကြပါတယ်။
တိဘက်လူမျိုး
တိဘက်လူမျိုးတွေကတော့ လက်ဖက်ရည်ထဲမှာ နွားနို့၊ ထောပတ်နှင့် ဆားတို့ ထည့်သောက်ကြပါတယ်။ သူတို့ရဲ့လက်ဖက်ရည်ကတော့ ခါးတဲ့ဘက်ကို သွားပါတယ်။
မော်ရိုကိုလူမျိုး
မော်ရိုကိုလူမျိုးတွေကတော့ Green Tea ထဲကို ပင်စိမ်းရွက်ထည့်သောက်ရတာ ကြိုက်နှစ်သက်ကြပါတယ်။
ဟောင်ကောင်
ဟောင်ကောင်မှာကတော့ လက်ဖက်ရည်ထဲကို နို့ဆီထည့်သောက်လေ့ရှိပြီး ပူပူနွေးနွေး မသောက်ကြဘဲ ရေခဲတုံး ထည့်သောက်ကြပါတယ်။
ယူအက်စ်အေ
အမေရိကန်လူမျိုးတွေကတော့ လက်ဖက်ရည်ထဲမှာ သကြားနဲ့ သံပုယိုရည် ထည့်သောက်လေ့ရှိကြပါတယ်။ ရံဖန်ရံခါမှာလည်း လက်ဖက်ရည်အရသာ မပြင်းဖို့အတွက် မုန့်ဖုတ်ဆိုဒါ ထည့်သောက်ကြပါတယ်။
ရုရှား
ရုရှားလူမျိုးတွေကတော့ Black Tea သောက်သုံးကြပါတယ်။ သူတို့ရဲ့အယူအဆကတော့ လက်ဖက်ရည် အရသာပြင်းလေ ပိုကောင်းလေဖြစ်တယ်လို့ ထင်ကြတာပါ။
ပါကစ်စတန်
ပါကစ်စတန်လူမျိုးတွေကတော့ မဆလာလက်ဖက်ရည်ကို သောက်သုံးကြပါတယ်။ ထိုလက်ဖက်ရည်ထဲမှာတော့ ဟင်းခတ်မှုန့်နဲ့ နို့ထွက်ပစ္စည်းများ ထည့်သွင်းဖျော်သောက်ကြပါတယ်။
ထိုင်းနိုင်ငံ
ထိုင်းလက်ဖက်ရည်ထဲမှာတော့ ထိုင်းဆေးဖက်ဝင်အရွက်များ၊ နွားနို့နှင့် ရေခဲတုံးများ ထည့်ကာ အရသာရှိရှိ သောက်သုံးကြပါတယ်။
အီဂျစ်နိုင်ငံ
အီဂျစ်လူမျိုးတွေကတော့ သကြားမပါတဲ့ Black Tea သောက်သုံးကြပါတယ်။ မင်္ဂလာပွဲအခမ်းအနားတွေမှာတော့ ခေါင်ရမ်းလက်ဖက်ရည် သောက်သုံးကြပါတယ်။
မွန်ဂို
မွန်ဂိုလူမျိုးတွေကတော့ ပုံမှာပြထားတဲ့ သတ္တုအိုးထဲမှာ လက်ဖက်ရည်ကျိုလေ့ရှိကြပါတယ်။ နွားနို့နှင့် ဆားကတော့ အဓိကပါဝင်ပစ္စည်းတွေပါပဲ။
ကာတာ
ကာတာမှာတော့ လက်ဖက်ရည်ကျိုတဲ့အခါ နွားနို့နဲ့ သကြားညို အသုံးပြုကြပါတယ်။ လက်ဖက်ရည်ကျိုတဲ့အခါမှာလည်း နှစ်ကြိမ်ကျိုလေ့ရှိကြပါတယ်။
Source: Brightside.me


















