သင်က သစ်သီးဖျော်ရည်တွေ၊ Smoothies တွေကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိပါသလား။ သင့်အဖြေက Yes ဆိုရင်တော့ သစ်သီးဖျော်ရည်တွေကို ချစ်သလိုမျိုးပဲ သစ်သီးဖျော်စက်ကိုလည်း ချစ်ရပါမယ်။
သစ်သီးဖျော်စက်ကို အသုံးပြုပြီးသွားတဲ့အခါ အိုးခွက်၊ ပန်းကန်တွေ တိုက်ချွတ်ဆေးကြောသလိုမျိုး ဆပ်ပြာနဲ့ ပွတ်တိုက်ပေးရုံနဲ့ မလုံလောက်ပါဘူး။ စက်ရဲ့ ဓားသွားနေရာ ဂျောင်ဂျိုဂျောင်ကြားနေရာတွေကို ပြောင်စင်အောင် မဆေးကြောမိဘူးဆိုရင် ဘက်တီးရီးယားတွေ ကပ်ငြိ ပွားများပြီး ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
ဖျော်စက်ထဲက အညစ်အကြေးမှန်သမျှကို လက်နဲ့ မပွတ်တိုက်ဘဲ သူ့အလိုလိုပြောင်စင်သွားအောင် ဘယ်လိုဆေးကြောရမလဲ။ ဖျော်စက်ကို မှန်မှန်ကန်ကန်ဆေးကြောနည်းက ထိုပစ္စည်းကို ကြာကြာအသုံးခံအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
အဆင့်ကတော့ (၄) ဆင့်တည်း ရှိပါတယ်။
အဆင့် (၁)
အရင်ဦးဆုံး ရေနွေးနွေးလေးကို ဖျော်စက်တစ်ဝက်အထိ ထည့်ပေးလိုက်ပါ။ ပန်းကန်ဆေး ဆပ်ပြာရည် ၃ စက်၊ ၃ စက်ခန့် လောင်းထည့်လိုက်ပါ။
အဆင့် (၂)
ဖျော်စက်ကို အဖုံး ဖုံးထားပြီးနောက် စက္ကန့် ၃၀ ခန့် မွှေခိုင်းလိုက်ပါ။
အဆင့် (၃)
မွှေပြီးတဲ့အခါ ဆပ်ပြာရည်တွေကို သွန်ပစ်ပြီးနောက် ရေစင်အောင် နှစ်ခေါက် သုံးခေါက်ခန့် ဆေးကြောပေးလိုက်ပါ။
အဆင့် (၄)
ဖျော်စက်ထဲသို့ ရေတစ်ဝက်ကျော်ကျော်လောက် ထပ်ထည့်ပြီး စက္ကန့် ၃၀ ခန့် ထပ်မွှေခိုင်းလိုက်ပါ။
ရေတွေကို သွန်ပစ်ပြီးတဲ့အခါမှာတော့ အသစ်အတိုင်း သန့်ရှင်းနေတဲ့ ဖျော်စက်လေးတစ်လုံးပြန်ဖြစ်သွားပါပြီ။
Source: today.com








